အိပ်စက်နေသောမြို့ကလေးဆီသို့ (သို့) ငပုတောမြို့ဆီသို့
ရန်ကုန်မြို့မှ နေ့ချင်းပြန် သွားရောက် လည်ပတ် နိုင်သော လူသိနည်း သေးသည့် အိပ်စက်နေသော မြို့ကလေး (Sleeping City) တစ်မြို့ အကြောင်း ပြောပြချင် ပါသည်။ထိုမြို့ကလေး ကတော့ ရှေးအခါက ကျိုက်ပဒေါမြို့အဖြစ် ထင်ရှားခဲ့သော ငပုတောမြို့လေး ပဲဖြစ်ပါသည်။ ပုသိမ်မြို့မှ မိုင်၂၀ ခန့်သာ ကွာဝေးသော်လည်း
ယခင်က ရေလမ်း ခရီးဖြင့်သာ သွားလာနိုင် သောကြောင့် လူသိနည်း ခဲ့ရခြင်းဖြစ်ပြီး အိပ်စက်နေသော မြို့ကလေး (Sleeping City) အဖြစ် တင်စားခံရခြင်း ဖြစ်နိုင်ပါသည်။တစ်ကယ်တော့ ငပုတောမြို့ ကလေးသည် ဟံသာဝတီမင်း နေပြည်တော်ခေတ် (၃၂) မြို့ဝင် ကျိုက်ပဒေါမြို့ အဖြစ်ထင်ရှား ခဲ့သော မြို့ကလေး တစ်မြို့ဖြစ်ပါတယ်။ငပုတောမြို့နယ်တွင် ဘုရားရှင်လက်ထက် ကတည်းက တည်ရှိခဲ့သော ဆံတော်ရှင် မော်တင်စွန်းစေတီ၊ လိပ် မွေးမြူရေးစခန်း တည်ရှိသော သမီးလှကျွန်း(ခေါ်) လိပ်ကျွန်း၊ ကမ်းရိုးတန်းသွား ရေယာဉ်တို့၏ အားထားရာ ပုသိမ်မီးပြ တည်ရှိသော Alguada Reef ၊ မြန်မာ နှင့်အနောက်ဥရောပ ဆက်ဆံရေးတွင် ထင်ရှားသော သမိုင်းဝင် ဟိုင်းကြီးကျွန်း၊ မှိုပွင့်သဏ္ဍာန် ကျောက်ကလပ်များ တည်ရှိရာ ထိပ်စွန်း (ခေါ်) ပြူရီယံပွိုင့် စသည့် မြန်မာနိုင်ငံ၏အထင်ကရ နေရာများ အပြင် ငရုတ်ကောင်း၊ ဂေါ်ရန်ဂျီကျွန်း စသည့် ကမ်းခြေများလည်း တည်ရှိနေပါသည်။ သို့သော် ထိုအထင်ကရ နေရာများ ၏ မြို့နယ် အစိုးရရုံးစိုက်ရာ ငပုတောမြို့လေး ကတော့ လူသိနည်း လှပေသည်။ ထိုထင်ရှားသော နေရာများ အကြောင်း အားလည်း အလျဉ်းသင့်သလို ရေးသား ဖော်ပြသွားပါမည်။ ငဝန်မြစ် နှင့် ပုသိမ်မြစ်တို့ ဆုံရာနေရာတွင် တည်ရှိပြီး ရေလမ်း ခရီးကိုသာ အားထား သွားလာခဲ့ရသော ငပုတောမြို့လေးမှာ ၂၀၁၃ ခုနှစ် ဇူလိုင်(၇) ရက်နေ့တွင် သက္ကယ်ချောင်း တံတား တည်ဆောက် ပြီးစီး သွားပြီဖြစ်၍ ပုသိမ်မြို့မှ ၄၅ မိနစ်ခန့် ဖြင့်သွားရောက် လည်ပတ်နိုင်ပါသည်။ ပုသိမ်- ငပုတောကားလမ်းမှာ အတော်အသင့် ကောင်းမွန်ပြီး ကားလေးများ၊ ဆိုင်ကယ်များဖြင့် လွယ်ကူစွာ သွားလာ နိုင်ပါသည်။ ပုသိမ်-ငပုတော လိုင်းကားများလည်း နေ့စဉ် ပြေးဆွဲလျှက် ရှိပြီး လွယ်ကူစွာ သွားရောက် လည်ပတ် နိုင်ပါသည်။ ရန်ကုန်မှ ငွေဆောင်၊ချောင်းသာနှင့် ပုသိမ်မြို့များသို့သွားရောက် လည်ပတ်ပြီး (၂) နာရီခန့် အချိန်ရပါက သွားရောက် လည်ပတ်သင့်သော မြို့ကလေး ဖြစ်ပါသည်။ ရေလမ်းခရီးဖြင့် သွားရောက် လည်ပတ် လိုသူများ အတွက်လည်း ပုသိမ်ဆိပ်ကမ်းမှ နေ့စဉ် ပြေးဆွဲလျှက် ရှိသော ပုသိမ်-ငပုတော-ဟိုင်းကြီး အမြန်ရေယာဉ်များကို ၂ နာရီခွဲခန့်စီး၍ သွားလာ နိုင်ပါသည်။ ငပုတောမြို့လေး တွင်သွားရောက် လည်ပတ်သင့်သော နေရာများမှာ ပုဂံခေတ် နရပတိ စည်သူမင်း လက်ထက် တည်ထား ကိုးကွယ်ခဲ့သော မြို့လယ်ရှိ ကျက်သရေဆောင် ရွှေမြင်တင် စေတီ၊ မြို့အဝင်ရှိ စွယ် တော်မြတ် စေတီ ငပုတော ဆိပ်ကမ်းနှင့် ငဝန်မြစ်ရှုခင်းတို့ဖြစ်ပါသည်။ ထို့ပြင် ပုသိမ်-ငပုတော ကားလမ်း တလျှောက် သဘာဝရှုခင်း မျာနှင့် သက္ကယ်ချောင်း တံတားပေါ်မှ ရှုခင်းကိုလည်း မှတ်တမ်းတင်ဓါတ်ပုံရိုက် နိုင်ပါသေးသည်။ ရှုပ်ထွေးလျက်ရှိသော မြို့ပြယဉ်ကျေးမှုမှ ကင်းဝေပြီး သဘာ၀ အတိုင်း ထူးခြား ဆိတ်ငြိမ်သော လူနေမှု ဘဝများကို ခံစား လိုပါက ရှေးဟောင်း သမိုင်းဝင် ငပုတော မြို့ကလေးမှ ဝမ်းမြောက် ဝမ်းသာ ကြိုဆိုလျက်ရှိပါကြောင်းဖော်ပြရေးသားလိုက်ရပါသည်။
AT (New Autumn Travels & Tours) Ref: သတိုးအောင် မြန်မာပြည်တစ်ခွင် ခရီးသွားလမ်းညွှန်
Comments
Post a Comment