စူးစမ်းလေ့လာသွားချင်စရာ(၄)
စူးစမ်းလေ့လာသွားချင်စရာ(၄) ဇလွန်မြို့ ပြည်တော်ပြန်ဘုရား နှင့် ဇလွန်မြို့သူ မြို့သားများ၏ ကောင်းမှု
[FinalTilesGallery id='15']ကျွန်တော်တို့ မိသားစု ပုသိမ်မှ ရန်ကုန်သို့ အပြန်တွင် ဇလွန် ပြည်တော်ပြန် ဘုရားလည်း ဖူးမျှော်ရင်း ကလေးများလည်း ဒေသန္တရ ဗဟုသုတ ရရှိစေရန် ဟင်္သာတမြို့ဘက်မှ ပြန်လာခဲ့ ပါသည်။ ဟင်္သာတ - ရန်ကုန် ကားလမ်း ပေါ်တွင် တစ်ဆက်တည်း သွားရောက် လည်ပတ် သင့်သော နေရာ နှစ်ခု ရှိပြီး ဇလွန် ပြည်တော်ပြန် ဘုရား နှင့် ဓနုဖြူမြို့ မဟာဗန္ဓုလ ခံတပ် များပဲ ဖြစ်ပါသည်။ မိမိ သွားရောက် လည်ပတ် ခဲ့သော ခရီးစဉ်အား မိမိ မိတ်ဆွေ များအား ပြန်လည် မျှေ၀ ပေးလို သဖြင့် စူးစမ်း လေ့လာ သွားချင် စရာ(၃) ဟင်္သာတမြို့လေးဆီသို့ ခေါင်းစဉ်ဖြင့် Review ရေးသား တင်ပြခဲ့ပြီး ယခုအခါ ဇလွန် ပြည်တော် ပြန်ဘုရား အကြောင်း ကို ထပ်မံ ရေးသား တင်ပြလိုက် ရပါသည်။ ပြည်တော်ပြန် ဘုရားသည် ဇလွန်မြို့ တွင် ကိန်းဝပ် စံပယ် လျှက်ရှိပြီး ဗုဒ္ဓ ဘာသာဝင် မြန်မာ လူမျိုးများ အတွက် အဖိုး မဖြတ် နိုင်သော ဗုဒ္ဓ အမွေအနှစ် တစ်ခု ဖြစ်ပါသည်။
တည်နေရာ / လမ်းခရီးဇလွန်မြို့ သည် ဧရာဝတီ မြစ်၏ အနောက် ဘက်ကမ်းတွင် တည်ရှိပြီး ဟင်္သာတ မြို့နယ်တွင် ပါဝင်ကာ ဟင်္သာတမြို့ တောင်ဘက် ၁၈.၄ မိုင် အကွာတွင် တည်ရှိ၍ ရန်ကုန်မြို့သို့ ၈၅.၆ မိုင်သာ ဝေး ပါသည်။ ဇလွန်မြို့သည် နိုင်ငံခြားသား ခရီးသွားများ နှင့် အပန်းဖြေ ခရီးသွား လိုသူများ အတွက် လည်ပတ်ရန် နေရာ သိပ်မရှိ သော်လည်း ဗုဒ္ဓ ဘာသာဝင် မြန်မာ လူမျိုးများ အတွက်မူ ထင်ရှားသော နေ့ချင်းပြန် ဘုရားဖူး ခရီးစဉ် တစ်ခု ဖြစ်ပါသည်။ ရန်ကုန် မှ ညောင်တုန်းတံတားကို ဖြတ်၍လည်းကောင်း၊ ပုသိမ် - ညောင်တုန်း - ဇလွန်လမ်း အတိုင်း လည်းကောင်း ၊ ပုသိမ် - ဟင်္သာတ မှ တဆင့် ဇလွန် သို့ လည်ကောင်း အဆင ်ပြေစွာ သွားရောက် လည်ပတ် နိုင်ပါသည်။
ဇလွန်မြို့သမိုင်းကြောင်း
ဇလွန်မြို့သည် ကုန်းဘောင်ခေတ် သာယာဝတီမင်းလက်ထက် ပုသိမ် (၃၂) မြို့ စာရင်းဝင် မြို့ တစ်မြို့ ဖြစ်ပါသည်။ ထိုစဉ်က ကျိုက်တော် သမန္တပူရ ဇရွန် ၊ ဇလွန် ဟူ၍ ဖော်ပြ ပါရှိ ကြောင်း သိရှိ ရပါသည်။ ဇလွန်သည် မွန်ဘာသာ အမည် (ဇလုံ) မှ ဆင်းသက် လာပြီး သင်ဖျူး ဖျာဟု အဓိပါ္ပယ် ရရှိ ကြောင်းလည်း သိရှိ ရပါသည်။ ဇလွန်ကို ခရစ်နှစ် ၉၈၅ ခုနှစ် ဇန်နဝါရီလ ၂၄ ရက်နေ့တွင် ပုသိမ် ဘုရင် သမုဒ္ဒ ဃောသ ၏ မင်းတိုင်ပင် အမတ်ကြီးဓော ၏ သား ဗညားအိမ် က တည်ထောင် ခဲ့သည် ဆိုပါသည်။ ကိုလိုနီ ခေတ်ဦးတွင် ဧရာဝတီမြစ် ရေတိုက် စားသဖြင့် မြို့တစ်ဝက် ကျော်ကျော် မြစ်ထဲ ပါသွားခဲ့ပါသည်။ ထို့ကြောင့် ရေကာတာ သစ်များ တည်ဆောက်ခဲ့ပြီး မြို့ကို ရေကာတာ အတွင်း ရွှေ့ပြောင်း ခဲ့ပါသည်။ ဇလွန်မြို့ သည် မြို့နယ် ရုံးစိုက်ရာ ဖြစ်ပြီး ဗမာလူမျိုး အများဆုံး နေထိုင် ကြပြီး ကရင် တိုင်းရင်းသား များလည်း အများ အပြား နေထိုင် ကြပါသည်။ ၂၀၁၄ သန်းခေါင် စာရင်းအရ မြို့နယ်တွင် ၁၆၈၂၀၃ ဦးရှိပြီး လူဦးရေ ၏ ၇၀.၇ % သည် လယ်ယာ၊ သစ်တော နှင့် ငါးလုပ်ငန်း တွင် အများဆုံး လုပ်ကိုင် ကြပါသည်။
ဇလွန်မြို့တွင်သွားရောက်လည်ပတ်သင့်သောနေရာများ
ဇလွန်မြို့သို့ ရောက်ရှိ ပါက အဖြစ် မနေ သွာရောက် လည်ပတ် သင့်သော နေရာမှာ ဇလွန် ပြည်တော်ပြန် ဘုရား (သို့) မာရ်အောင်မြင် ပြည်တော်ပြန် မြတ်စွာ ဘုရားကြီး ဖြစ်ပြီး အချိန် ရရှိပါက လည်း အောက်ပါ ဘုရား၊ စေတီတော် များအား သွားရောက် ဖူးမျှော် လေ့လာ သင့်ပါသည်- (၁) ဗုဒ္ဓအံတော်မြတ် (၂) ဦးသီလစေတီတော် (၃) ရွှေငြိမ်းအေးဘုရား (၄) ဇလွန်ရေကာတာ နှင့် ဧရာဝတီမြစ်
အစားသောက်များ
ဇလွန်မြို့၏ မဗေဒါ ပဲကြီးလှော် ၊ ဇင်မင်း ဂျင်းသုတ် နှင့် ငှက်ပျော်ကြော် တို့သည် ထင်ရှားသော အစား အစာများ ဖြစ်ကြ ပါသည်။
ထင်ရှားသော ပုဂ္ဂိုလ်များ
ကုန်းဘောင် ခေတ် ဇလွန် မြို့သူကြီး များအနက် ထင်ရှား သူမှာ ဦးရွှေပွင့် ဖြစ်ပြီး သာယာဝတီမင်း နှင့် ပုဂံမင်းတို့ လက်ထက်တွင် မင်းလှ ကျော်ထင် နော်ရထာ ၊ မဟာ သမန္တ မင်းခေါင် ဘွဲ့များ ရရှိခဲ့ပြီး ဇလွန် ပြည်တော်ပြန် ဘုရား အဖြစ် ထင်ရှား လာမည့် မာန်အောင်မြင် မြတ်စွာ ဘုရားအား မန္တလေး ရတနာပုံ နေပြည်တော်မှ ပင့်ဆောင် ပူဇော်ခဲ့သူ ဖြစ်ပါသည်။ ဇလွန် ဇာတိ ထင်ရှား သော အခြားသူ တစ်ဦးမှာ ရုပ်ရှင် သရုပ်ဆောင် ဒေါ်မြလေး (မဟာသာရွာ) ဖြစ်ပါသည်။
ဇလွန်မြို့ နှင့် ဗိုလ်ချုပ်အောင်ဆန်း
ဇလွန်မြို့သည် အာဇာနည် ဗိုလ်ချုပ်အောင်ဆန်း၏ လွတ်လပ်ရေးကြိုးပမ်းမှုနှင့်လည်း ပတ်သက် ဆက်နွယ် ခဲ့သော သမိုင်း ရှိခဲ့ပါသည်။ ၁၉၄၀ ခုနှစ် ဇွန်လ ၁ ရက်နေ့ တွင် ဗိုလ်ချုပ် အောင်ဆန်း သည် တို့ဗမာ အစည်း အရုံး ညီလာခံ အား ဇလွန်မြို့၌ ကျင်းပ၍ နယ်ချဲ့ ဆန့်ကျင်ရေး တရား ဟောခဲ့ရာ ရာဇဝတ်ဝန် က ဆုတော် ငွေ ၅ ကျပ် ထုတ်ခြင်း ခံခဲ့ ရသည်။ အင်္ဂလိပ် တို့ ပိုက်စိပ်တိုက် လိုက်လံ ဖမ်းဆီးစဉ် ရာဇဝတ်အုပ် ဇနီး မေရီလှတော အကူ အညီဖြင့် ဟင်္သာတ၊ ယုန်သလင်းရွာ ရှိ ကရင် အမျိုးသား မန်းဘခိုင်ထံ ရောက်ရှိပြီး အာဇာနည် ခေါင်းဆောင် နှစ်ဦး စတင် သိရှိခဲ့ခြင်း ဖြစ်ပါသည်။ အာဇာနည် ခေါင်းဆောင် ဖြစ်လာမည့် မန်းဘခိုင်၏ အိမ်တွင် ၃ ရက် နေခဲ့စဉ် တိုင်းပြည် လွတ်လပ်ရေး အတွက် တရား ဟောခြင်း၊ ဆွေးနွေး ခြင်းများ ဆောင်ရွက် ခဲ့ရာ ခေါင်းဆောင် နှစ်ဦး တစ်ဦးကို တစ်ဦး ပို၍ ယုံကြည် လေးစား ခဲ့ကြပါသည်။ ထိုအချိန်က မန်းဘခိုင် မှာ ငှက်ပျော စိုက်ပျိုးရေး နှင့် ပွဲရုံလုပ်ငန်း လုပ်ကိုင် သဖြင့် ဗိုလ်ချုပ်အား မန်းဘခိုင် ကိုယ်တိုင် ငှက်ပျောလှေဖြင့် ရန်ကုန် မြို့သို့ လိုက်လံ ပို့ဆောင် ပေးခဲ့ပါသည်။ လိုက်လံ ပို့ဆောင်စဉ် ဗိုလ်ချုပ် နှင့် မန်းဘခိုင် တို့၏ ရင်းနှီးမှု၊ ပွင့်လင်း ရိုးသားမှု ကို ထင်ဟပ်သော အကြောင်းအရာတစ်ခုကို ပြောပြ လိုပါသည်။ ၎င်းမှာ ဟင်္သာတ ကမ်းနားတွင် မန်းဘခိုင်က ခြံ အလုပ်သမား အယောင်ဆောင် ထားသော ဗိုလ်ချုပ်အား `` ဘယ်လိုမှတော့ မအောက် မေ့ပါနဲ့၊ လှေပေါ် တက်ရင် ငှက်ပျောခိုင် တစ်ခိုင် ထမ်းပြီး တက်စေ ချင်ပါတယ်၊ ဒါမှ မရိပ်မိ ကြမှာလို့ ပြောတော့ ဗိုလ်ချုပ်က ရယ်ပြီး သမ္ဗာန်ပေါ်ကို ထမ်းသွားကြောင်း `` အာဇာနည်နေ့ဆောင်းပါးတွင် ဖတ်ရှုခဲ့ရပါသည်။
ဇလွန်ပြည်တော်ပြန်ဘုရား (သို့) မာရ်အောင်မုနိ ဘုရား
ဇလွန် ပြည်တော်ပြန် ဘုရားကြီး ကတော့ ဇလွန်မြို့သူ မြို့သား များရဲ့ အမြတ် တနိုး ကိုးကွယ်တဲ့ ဗုဒ္ဓ ရုပ်ပွားတော် ဖြစ်ပြီး ဘုရားရှင် သက်ရှိထင်ရှား ကိန်းဝပ် စံပယ်နေသည့် အတိုင်း သံယောဇဉ် ထား သဒ္ဒါ တရား ထက်သန်စွာ ကြည်ညို ကိုးကွယ်လျှက် ရှိသော တန်ခိုးကြီး ဘုရားပဲ ဖြစ်ပါတယ်။ ဗုဒ္ဓဘာသာ ဝင် မြန်မာ လူမျိုးများ အတွက် ကတော့ ဇလွန် ခရီးစဉ်ဟာ မွန်မြတ်သော ဘုရားဖူး ခရီးစဉ် တစ်ခု ဖြစ်ပြီး စွမ်းအင်၊ စွမ်းအားများ တိုးတက် ရရှိ သကဲ့သို့ ခံစားရ သည်ဟု ယုံကြည် ကြပါသည်။ ဇလွန် ပြည်တော်ပြန် ဘုရားကြီး၏ စမ္မခဏ် ဂါထာတော် သည်လည်း အထူး ထင်ရှား ပါသည်။ အချို့သော ဘုရားဖူးများသည် ဇလွန် ပြည်တော်ပြန် ဘုရားအား နယ်ချဲ့ အင်္ဂလိပ်တို့ အောက်မြန်မာ နိုင်ငံကို သိမ်းပိုက် ပြီးနောက် အိန္ဒိယပြည် ဘုံဘေမြို့သို့ သယ်ဆောင် သွားခဲ့ပြီး ပြည်တော်ပြန် ဘုရား အဖြစ် ဧရာဝတီ မြစ်ကြောင်း အတိုင်း မြန်မာ နိုင်ငံသို့ ပြန်လည် ရောက်ရှိ လာကြောင်းသာ သိရှိ ကြပါသည်။ ဇလွန် ပြည်တော်ပြန် ဘုရား၏ သမိုင်းမှာ ထို့ထက် ရှည်လျား နက်နဲ လှပါသည်။ မြတ်စွာ ဘုရားရှင် လက်ထက် ဓညဝတီ ရခိုင်ပြည် စန္ဒ္ဒာ သူရိယမင်း လက်ထက် တွင် သွန်းလုပ် ပူဇော် ခဲ့ကြောင်း ဇလွန် ပြည်တော်ပြန် ဘုရား သမိုင်း စာအုပ် အရ သိရှိ ရပါသည်။ စန္ဒ္ဒာ သူရိယမင်း နှင့် ပြည်သူတို့သည် မြတ်စွာ ဘုရား ရှင်၏ ရင်ငွေ့တော် လုံ၍ သွန်းလုပ် ခဲ့သော မဟာ မြတ်မုနိ၊ ရှင်ကျော်မုနိ၊ ရွှေဘုံသာမုနိ၊ နှင့် မာရ်အောင်မုနိ ဗုဒ္ဓ ရုပ်ပွားတော် လေးဆူကို ကြီးစဉ် ငယ်လိုက် အစဉ်လိုက် သွန်းလုပ် ခဲ့ပါသည်။ သက္ကရာဇ် (၁၁၄၆) ခုနှစ် ကုန်းဘောင် မင်းဆက် (၆)ဆက် မြောက် ဘိုးတော်မင်း (ခေါ်) ဗဒုံးမင်း လက်ထက်တွင် ဓညဝတီ ရခိုင်ပြည်ကို သိမ်းပိုက် တော်မူ၍ မဟာ မြတ်မုနိ၊ ရွှေဘုံသာ မုနိ၊ နှင့် မာရ်အောင် မုနိ ဗုဒ္ဓ ရုပ်ပွားတော် သုံးဆူကို တောင်ကုတ်လမ်း အတိုင်း၊ ထိုမှတဆင့် ဧရာဝတီ မြစ်ကြောင်း အတိုင်း အမရပူရမြို့သို့ ပင့်ဆောင်ခဲ့ လေသည်။ ရှင်ကျော် မုနိ ရုပ်ပွားတော်အား ရခိုင်လူမျိုးများ ကိုးကွယ် ပူဇော်ရန် ထားရှိခဲ့ပြီး ယခုအခါ တွင် ရခိုင်ပြည်နယ် ကျောက်တော်တွင် ယခုတိုင် သီတင်းသုံး အပူဇော်ခံ လျှက် ရှိပါသည်။ ပြည်မြို့တွင် ခေတ္တ စခန်း ချစဉ် ရခိုင် လူမျိုးတို့၏ တောင်းပန် လျှောက်ထား မှုကြောင့် ပြည်မြို့၏ အနောက် ဘက်ကမ်း တပ်စခန်း ချရာ၌ ရွှေဘုံသာမုနိ ဘုရားကို တည်ထား တော်မူ ခဲ့ရာ ယခုတိုင် ရွှေဘုံသာရပ်တွင် ဖူးမျှော်နိုင်ပါသည်။ အမရပူရသို့ ရောက်ရှိ ရာတွင် မြို့တော်၏ မြောက်ပြင် ယခု မဟာမုနိ ရုပ်ရှင် တော်၏ နေရာတွင် မဟာ မြတ်မုနိ ဘုရားကြီး အားထားရှိ ပူဇော် ခံခဲ့ သည်မှာ ယခု ထက်တိုင် တန်ခိုး ထင်ရှား လူအများ တို့ နေ့၊ ညဉ့်မစဲ ဖူးမြော် ကန်တော့ လျှက်ရှိပါသည်။ မာရ်အောင် မုနိ ဗုဒ္ဓ ရုပ်ပွားတော်ကို အမရပူရ ရွှေမြို့တော်၏ နန်းတော်ဦး၌ ထားရှိ ကိုးကွယ် ခဲ့ကြ ပါသည်။ ထို့ကြောင့် နန်းဦး ဘုရား ဟုလည်း အမည်တွင် ခဲ့ပါသည်။ ပုဂံမင်းနှင့် မိဖုရားတို့၏ ချစ်ခင် နှစ်သက်မှုကို ခံရသော ဆွေတော် မျိုးတော် ဇလွန် မြို့သူကြီး ဦးရွှေပွင့် လက်ထက်တွင် ဘုရင်နှင့် မိဖုရားတို့ကို လျှောက်တင်ပြီး နန်းဦး ရုပ်ပွားတော် ပုံစံတူ အတိုင်း ဉာဏ်တော် တစ်မိုက်ခန့် ကြီး၍ ဆရာ မောင်မောင်လတ် အား သွန်းလုပ် စေခဲ့ပါသည်။ သွန်းလုပ် နေစဉ် အင်္ဂလိပ်တို့၏ ဒုတိယ ကျူးကျော်စစ် ဖြစ်ပွား သဖြင့် မိဖုရားမှ ဇလွန် မြို့သူကြီး ဦးရွှေပွင့်ကို အမြန် ပြန်ရန် မိန့်တော် မူခဲ့ပါသည်။ ထိုအခါ ဦးရွှေပွင့်မှ နန်းတော်ဦး မြတ်စွာ ဘုရားကို ဇလွန် မြို့သူ မြို့သားတို့ ဖူးမျှော် ရအောင် ခေတ္တ္တ ပင့်သွား ပါရစေ၊ သွန်းလုပ် ထားသော ဘုရား ပြီးစီး ပါက နန်းတော်ဦး ဘုရားကို ပြန်ပို့ရင် လာပင့် ပါမည် အကြောင်း လျှောက်ထား လေသည်။ ခွင့်ပြုချက် ရရှိသောအခါ ရန်လွင့် (ခေါ်) မင်္ဂလာ လှေတော်ကြီး ဖြင့် ဧရာဝတီ မြစ်ကြီး အတိုင်း စုန်ဆင်း ခဲ့ရာ တပေါင်း လဆန်း (၈) ရက်နေ့တွင် ဇလွန် မြိုသို့ ဆိုက်ရောက် ခဲ့လေသည်။ သက္ကရာဇ် (၁၂၁၄) ခုနှစ် မှာပင် ပြည်နှင့် တောင်ငူ အောက်မြန်မာ နိုင်ငံတော် တစ်ဝန်းလုံးကို အင်္ဂလိပ် တို့က သိမ်းယူ ခဲ့လေသည်။ ထို့နောက် တစ်ဖန် ကြေးပိုက်ဆံ ပြုလုပ်ရန် ကြေးဆင်း တုတော်ပေါင်း မြောက်များစွာ တို့နှင့် တကွ အင်္ဂလိပ် စစ်ဗိုလ် ဆာဂျွန်ဆပ်က သိမ်းယူ လေရာ သက္ကရာဇ် (၁၂၁၇) ခုနှစ်တွင် မာရ်အောင်မြင် မြတ်စွာ ဘုရားကြီး သည် ရွှေချိန် အမည်ရှိ သင်္ဘောကြီးဖြင့် အိန္ဒိယ ပြည် ဘုံဘေမြို့သို့ ပါသွား ခဲ့လေသည်။ မာရ်အောင်မြင် မြတ်စွာ ဘုရားကို ဖိုလေးလုံး ဖြင့် ထိုးသော် လည်း အရည် မပျော်၊ တူနှင့် ထုသော်လည်း အရာ မထင်၊ ပကတိ အတိုင်းပင် ဖြစ်လေသည်။ ထိုအခါ မိုးမှောင်များ ကျခြင်း၊ ဋ္ဌာပနာ ထားသော ဓါတ်တော်များ ကွန့်မြူး ရောင်ခြည်တော် လွှတ်တော် မူသည်။ အနောက်ဘက်သို့ မျက်နှာတော် လှည့်ထား သော်လည်း အရှေ့ ဘက်သို့ မျက်နှာတော် မူပြန်သည်။ ကုလား လူမျိုး (၆၄) ယောက် အချို့မှာ သွေးအန်၍ အချို့မှာ ဝမ်းရောဂါဖြင့် တစ်ပြိုင်နက် သေဆုံး ကြကုန်သည်။ တစ်နေ့၌ အင်္ဂလန်ပြည် ဝိတိုရိယ ဘုရင်မ အိန္ဒိယပြည် သို့ရောက်ရှိ လာပြီး ထူးဆန်းသော ခေါင်းကိုက် ဝေဒနာ ခံစားရပြီး ထိုဝေဒနာ ပျောက်ကင်း လိုပါက မြန်မာပြည်မှ ယူဆောင်လာသော မာရ်အောင်မြင် ရုပ်ပွားတော်ကြီးကို မူလ နေရာသို့ ရောက်အောင် ပြန်ပို့ ရမည်ဟု အိပ်မက် မြင်မက် တော်မူ လေသည်။ ထို့ကြောင့် ဝိတိုရိယ ဘုရင်မ၏ အမိန့်တော် အတိုင်း သက္ကရာဇ် (၁၂၁၉) ခုနှစ်တွင် မာရ်အောင်မြင် မြတ်စွာ ဘုရားကြီး အား သင်္ဘောဖြင့် ပင့်ဆောင် လာခဲ့ရာ ဇလွန်မြို့ကို ကျော်လွန်ပြီး ဟင်္သာတမြို့ အနီး သောင်စပ်၌ ထားခဲ့ သော်လည်း မြတ်စွာ ဘုရား၏ ပျော်မွေ့တော် မူရာ ဇလွန်မြို့သို့ သမ္မာ ဒေ၀ နတ်ကောင်း နတ်မြတ် အပေါင်း တို့၏ စောင့်ရှောက် မှုကြောင့် ပြန်လည် ရောက်ရှိ လာခဲ့ ပါသည်။ မာရ်အောင် မြင်မြတ်စွာ ဘုရား စစ်မှန် ကြောင်းကို ဇလွန်မြို့တွင် စံပယ်စဉ် ထိန်းသိမ်း စောင့်ရှောက် ခဲ့သော ဆရာတော် ဦးဖြူမှ ဒမ္မခဏ်တော်ပါ စာသားအား အလွတ် ပြန်ဆို၍ သက်သေ ပြခဲ့ ပါသည်။
ပျောက်ဆုံးနေသော သမိုင်းတစ်ကွက်
ဇလွန် ပြည်တော်ပြန် ဘုရား ခေါ် မာရ်အောင် မုနိ မြတ်စွာ ဘုရား သမိုင်း အကျဉ်း အား ထိုမျှ လောက်ပင် ရေးသား လိုပါသည်။ ဘုရား သမိုင်း ဖတ်ရှုရင်း မာရ်အောင်မြင် မြတ်စွာဘုရား (သို့) နန်းဦး ဘုရား နှင့် ပုံစံတူ ဦးရွှေပွင့် သွန်းလုပ် ခဲ့သော ကြေးစင်း တုတော် ဘယ်ရောက် သွားသလဲ စိတ်ဝင်စား လာပါသည်။ ထိုသို့ စဉ်းစား တွေးတော နေစဉ် ကျွန်တော် ဗိုလ်တစ်ထောင် ဘုရား ရောက်တိုင်း တရားထိုင်၊ ပုတီးစိတ် ပြုလုပ် နေသော ပြည်တော်ပြန် နန်းဦးဘုရား ကျောင်းဆောင်ကို သတိ ရလာ ပါသည်။ ထို့ကြောင့် ထိုပြည်တော်ပြန် နန်းဦး ဘုရားသည် ဦးရွှေပွင့် သွန်းလုပ် ခဲ့သော ရုပ်ပွားတော် ဖြစ်နိုင်ကြောင်း ရသမျှ အထောက် အထားများ ရှာဖွေ စုဆောင်း၍ သမိုင်းတစ်ကွက်ကို ဆက်နိုင်ရန် ကြိုးစား ခဲ့ပါသည်။ သက္ကရာဇ် (၁၂၁၄) ခုနှစ်တွင် ပုဂံမင်း နန်းကျ၍ မင်းတုန်းမင်း နန်းတက်၏။ ထိုနှစ်တွင် ပင် အောက်မြန်မာ နိုင်ငံကို အင်္ဂလိပ်တို့ သိမ်းပိုက်သည်။ (၁၂၁၇) ခုနှစ်တွင် ဇလွန်မြို့တွင် သီတင်းသုံး နေသော မာရ်အောင်မြင် မြတ်စွာ ဘုရား ပါတော် မူခဲ့ ပါသည်။ မာရ်အောင်မြင် မြတ်စွာ ဘုရားအား နန်းတော်ဦး တွင်ထားရှိ ကိုးကွယ် သောကြောင့် နန်းဦး ဘုရား ဟုလည်းကောင်း၊ ကနောင် မင်းသား ခေါ် မင်းတပ်မင်း အမြဲမပြတ် ကိုးကွယ် ခဲ့သော ကြောင့်လည်း မင်းတပ်မင်း မြတ်စွာ ဘုရား ဟုလည်း အမည်တွင် ခဲ့ပါသည်။ မင်းတုန်းမင်း နှင့် ကနောင်မင်း တို့အရေးတော်ပုံ အောင်မြင် ပြီးနောက် မိမိတို့ကိုးကွယ် ခဲ့သော နန်းဦး ဘုရား အိန္ဒိယပြည် သို့ ပါတော်မူ သွားကြောင်း ကြားသိ သောအခါ မျှော်လင့်ဖွယ် မရှိတော့သည် ဖြစ်၍ နန်းတော်ဦး မြတ်စွာ ဘုရား ထားသော ပလ္လင် ပေါ်သို့ ဦးရွှေပွင့် သွန်းလုပ် ခဲ့သော ကြေးဆင်း တုတော်ကြီးကို ပင့်၍ ကိုးကွယ် တော်မူခဲ့ပြီး နန်းဦး ဘုရား ဟုသာ ခေါ်ဆို ခဲ့ကြောင်း သိရှိ ရပါသည်။ သက္ကရာဇ် (၁၂၄၇) ခုနှစ်၊ ခရစ်နှစ် (၁၈၈၅) ခုနှစ် တွင် အထက် မြန်မာ နိုင်ငံကို အင်္ဂလိပ်တို့ သိမ်းပိုက် ပြီးနောက် အခြားသော ကြေးစင်း တုတော်များ နှင့်အတူ ဦးရွှေပွင့်၏ နန်းဦး ဘုရားအား အင်္ဂလန် နိုင်ငံသို့ သယ်ဆောင် သွားခဲ့သည်။ ထို့နောက် မြန်မာ ဘုရင်၏ ရာဇ ပလ္လင်၊ အခြား နန်းတော်သုံး ပစ္စည်း များနှင့် အတူ အင်္ဂလန်နိုင်ငံ Victoria and Albert Museum တွင် ပြသ ထားခဲ့သည်။ ၁၉၅၁ ခုနှစ်တွင် ဝန်ကြီးချုပ် ဦးနု၏ အင်္ဂလန် နိုင်ငံ ချစ်ကြည်ရေး ခရီးစဉ် ပြီးနောက် နန်းဦး ဘုရားအား မြန်မာ နိုင်ငံသို့ ပြန်လည် ပေးအပ်ခဲ့ပြီး ဗိုလ်တစ်ထောင် ဘုရား တွင်ထားရှိ ပူဇော် ခဲ့သည်မှာ ယနေ့ အချိန် ထိပင် ဖြစ်ပါသည်။ ထို့ကြောင့် ဗိုလ်တစ်ထောင် ဘုရား နန်းဦး ဘုရားကြီး တန်ဆောင်း အတွင်း သီတင်း သုံးနေသော ရုပ်ပွားတော်မှာ ဇလွန် မြို့သူကြီး ဦးရွှေပွင့် သွန်းလုပ် ခဲ့သော ဇလွန် မြို့သူ မြို့သားတို့၏ ကောင်းမှု ကြေးဆင်း တုတော်ကြီး ဖြစ်ကြောင်း လေ့လာ ရသမျှ ရေးသား တင်ပြ လိုက်ရ ပါသည်။ ယခု တင်ပြချက်မှာ စာရေးသူ ကျွန်တော်၏ လေ့လာ သုံးသပ်ချက် သာဖြစ်ပြီး သမိုင်းဆိုင်ရာ မှားယွင်းမှုများရှိပါက မည်သူမဆို ဝေဖန် ထောက်ပြ ပြင်ဆင် ပေးနိုင် ပါကြောင်း လည်း တင်ပြ အပ်ပါသည်။ ဦးရွှေပွင့်သွန်းလုပ်သော နန်းဦးဘုရား၏ ဉာဏ်တော် မှာ မာရ်အောင် မုနိ နန်းဦး ဘုရား ထက် ဉာဏ်တော် တစ်မိုက်ခန့် ကြီးကြောင်း ဇလွန် ဘုရား သမိုင်း အရ သိရ သဖြင့် ဗိုလ်တစ်ထောင် ဘုရားရှိ နန်းဦး ဘုရား၏ ညဏ်တော် နှင့် တိုက်ဆိုင် ၍ စစ်ဆေး နိုင်ပါသည်။
ဇလွန်မြို့ ဧရာဝတီမြစ်ဆိပ်ကမ်း
ဇလွန် မြို့သည် မြန်မာ နိုင်ငံ၏ အဖိုးတန် ဧရာဝတီ မြစ်၏ အနောက် ဘက်ကမ်း တွင်တည် ရှိပြီး မြစ်၏ မြင်ကွင်း၊ မြစ်အတွင်း သွားလာ နေသော လှေ၊ သင်္ဘော များ၏ မြင်ကွင်းနှင့် အတူ သာယာ အေးချမ်း လှပါသည်။ ဘုရားဖူး ပြီးနောက် သားနှစ်ဦးအား ဧရာဝတီ မြစ်ဆိပ်သို့ လိုက်လံပို့ဆောင်ပေးခဲ့ပြီး ဘုရားကြီး သမိုင်းအား ရှင်းပြ ပေးခဲ့ ပါသည်။ မာရ်အောင်မုနိ (ခေါ်) နန်းဦးဘုရား (ခေါ်) မင်းတပ်ဘုရား (ခေါ်) ဇလွန် ပြည်တော်ပြန် ဘုရား ဖူးပြီး နောက် ဘုရားကြီး၏ တန်ခိုးတော်ကြောင့် သော်လည်းကောင်း ဗုဒ္ဓ ဘာသာဝင် တို့၏ သဒ္ဒါ တရား ထက်သန် မှုကြောင့် သော်လည်းကောင်း ကျွန်တော်တို့ မိသားစု၏ စိတ်ထဲတွင် အတိုင်း မသိ ပျော်ရွှင် ချမ်းမြေ့ မှုကို ခံစား ခဲ့ရပြီး ဓနုဖြူမြို့ မှ တဆင့် ရန်ကုန်မြို့သို့ပြန်လည် ထွက်ခွာ လာခဲ့ ပါသည်။ ဘုရားဖူး လာသော ဧည့်သည်များ လည်း ဇလွန် ပြည်တော်ပြန် ဘုရား ကြွရောက်လာရာ ဧရာဝတီ မြစ် ရှုခင်းအား ဇလွန်မြို့ ဆိပ်ကမ်းမှ တဆင့် သွားရောက် ကြည့်ရှု လေ့လာ သင့်လှ ပါကြောင်း အကြံပြု ရေးသား လိုက် ရပါသည်။ ထို့ပြင် ရန်ကုန်မြို့ ဗိုလ်တစ်ထောင် ဘုရားရှိ နန်းဦးဘုရား အား သွားရောက် ဖူးမျှော် ပါက ဇလွန် မြို့သူ မြို့သား တို့၏ ကောင်းမှုကို သာဓု အနုမောဒနာ ခေါ်ဆို ကြပါရန် နိဗ္ဗာန် အကျိုး မျှော်၍ နိုးဆော် တိုက်တွန်း လိုက်ရ ပါသည်။ ဆက်လက်ဖော်ပြပါမည်။ AT(New Autumn Travels & Tours) မှီငြမ်းကိုးကား- ၁။ ပုသိမ်-ဟင်္သာတ ခရီးသွားမှတ်တမ်း ၂။ ဇလွန်ပြည်တော်ပြန်ဘုရားသမိုင်း ၃။ ၂၀၁၈ ခုနှစ် မြန်မာ့အလင်းသတင်းစာပါ အာဇာနည်နေ့ ဆောင်းပါးများ ၄။ ၂၀၁၄ သန်းခေါင် စာရင်းထုတ်ပြန်ကြေငြာချက် ၅။ http://myanmartravelinformation.com/yangon-where-to-visit/botahtaung-pagoda.html ၆။ https://www.flickr.com/photos/davidstanleytravel/42309444074
ဓါတ်ပုံ ။ AT(New Autumn Travels & Tours) https://www.facebook.com/newautumntravels/posts/2169916736659921?__tn__=K-R
Comments
Post a Comment