စူးစမ်းလေ့လာ သွားချင်စရာ (၅)၊ ကျွန်တော်ရောက်ခဲ့သော တောင်ငူမြို့ (သို့) ကေတုမတီမြို့တော်
[FinalTilesGallery id='10']
တောင်ငူမြို့ဆိုသည်မှာတောင်ငူမြို့သည် ပဲခူးတိုင်း၊ တောင်ငူခရိုင်၏ ခရိုင်မြို့တော် ဖြစ်ပြီး ရန်ကုန်- မန္တလေးလမ်းဟောင်း ပေါ်တွင် တည်ရှိပါသည်။ တောင်ငူမြို့သည် ဒုတိယမြန်မာနိုင်ငံတော်၏ အစဖြစ်ခဲ့ပြီး ယခုဆိုလျှင် နှစ်ပေါင်း ၅၀၉ နှစ် ခန့်ရှိ သော ရှေးမြို့တော်ဟောင်း တစ်ခုဖြစ်ပါသည်။ တောင်ငူမြို့ကို မင်းကြီးညိုက စတင်တည်ထောင်ခဲ့ပြီး တောင်ငူမြို့ မှ
ဗဟိုပြု၍ မင်းကြီးညို ၊ သားတော် တပင်ရွှေထီး နှင့် သားမက်တော် ဘုရင့်နောင် တို့က ဒုတိယ မြန်မာနိုင်ငံကို တည်ထောင်ခဲ့ကြပါသည်။ ဒုတိယမြန်မာနိုင်ငံတော် တည်ထောင်ပြီးနောက် မြို့တော်ကို ပဲခူး ဟံသာဝတီသို့ ပြောင်းရွှေ့စိုးစံခဲ့သဖြင့် ဘုရင်ခံအုပ်ချုပ်သော မြို့တော်အဖြစ် ရပ်တည်ခဲ့ပါသည်။
ကျွန်တော် တောင်ငူမြို့ကို သတ္တမတန်းကျောင်းသားဘ၀ မှ ယနေ့အချိန်ထိ အကြိမ်ကြိမ်ရောက်ခဲ့ဖူးပါ သည်။ တခါတလေ တစ်လခန့်ထိကြာအောင်နေထိုင်ခဲ့ဖူးသော မြို့ဖြစ်ပါသည်။ ထိုအချိန်က တန်ဖိုးကြီးမားသော တောင်ငူမြို့၏သမိုင်းကြောင်းအား လေ့လာရန်မေ့လျော့နေခဲ့ပါသည်။ နောက်ဆုံးအနေဖြင့်၂၀၁၈ နိုဝင်ဘာလတွင် တောင်ငူ မြို့သို့နေ့ချင်းပြန်သွားရောက်ရန်အကြောင်းပေါ်လာပါသည်။ ဒီတစ်ကြိမ်တွင်မူ တောင်ငူမြို့၏ ရှေးဟောင်း သမိုင်းဝင် နေရာများအား သွားရောက်လေ့လာလိုသဖြင့် တောင်ငူဇာတိ မိတ်ဆွေဟောင်း ကိုပြည်စိုးအား အကူအညီတောင်း၍ သွားရောက် လေ့လာနိုင်ခဲ့ပါသည်။ တောင်ငူမြို့တွင် ယခုထက်တိုင်တောင်ငူခေတ်လက်ရာ သမိုင်းဝင် အဆောက်အဦးများ တည်ရှိနေရာ စာဖတ်သူမိတ်ဆွေများအားလည်း တောင်ငူမြို့ရောက်ပါက သွားရောက် လေ့လာကြပါရန် ဤဆောင်းပါးဖြင့် အကြံပြုတိုက်တွန်းလိုက်ရပါသည်။
ကေတုမတီ(တောင်ငူ) မြို့အစ
မြန်မာ့သမိုင်းတွင် ပုဂံခေတ်၊ ပင်းယခေတ်၊ အင်းဝခေတ်၊ တောင်ငူခေတ်၊ ညောင်ရမ်းခေတ်၊ ကုန်းဘောင်ခေတ် များပေါ်ထွန်းခဲ့ပြီး တောင်ငူခေတ်သည်လည်းထင်ရှား အရေးပါသော ခေတ်တစ်ခေတ်ဖြစ်ခဲ့ပါသည်။ ကေတုမတီ(တောင်ငူ)၏ နောက်ခံသမိုင်းကိုလေ့လာရသော် တောင်ငူကြီး ကို သက္ကရာဇ် ၆၄၁ ခုနှစ်၌ သဝန်ကြီးစတင်တည်ထောင်ခဲ့ပြီး သက္ကရာဇ် ၈၄၇ ခုနှစ် မင်းစည်သူလက်ထက်အထိ နှစ်ပေါင်း ၂ဝ၆ နှစ်ကြာမျှ အင်းဝမင်းနေပြည်တော်၏ လက်အောက်ခံ မြို့စားများအုပ်ချုပ်ခဲ့သော မြို့ပြကြီး အဖြစ်တည်ရှိခဲ့ပါသည်။ တောင်ငူမြို့စား မင်းစည်သူနတ်ရွာစံတော်မူပြီးနောက် တူတော်ဖြစ်သူ မင်းကြီးညိုနန်းတက်ခဲ့ပါသည်။ မင်းကြီးညိုလက်ထက်တွင် တောင်ငူကြီး အနီး ခပေါင်းချောင်း နှင့် ပုတ်ပဲချောင်း (ယခု ပန်းဘဲချောင်း) ဆုံရာနေရာတွင် မြဝတီ မြို့သစ်ကိုတည်၍ ၅ နှစ်ခန့်လည်းကောင်း၊ ခပေါင်းချောင်းနှင့် စစ်တောင်းမြစ်(ပေါင်းလောင်းမြစ်) ဆုံရာနေရာ ဒွါရာဝတီမြို့တော်တွင် နှစ် ၂၀ ခန့်လည်းကောင်း စိုးစံခဲ့ပြီး ယခု တောင်ငူမြို့တည်နေရာ၌ သက္ကရာဇ် ၈၇၂ ခုနှစ် (ခရစ်နှစ် ၁၅၁၀ ) တန်ဆောင်မုန်းလပြည့် အင်္ဂါနေ့တွင် ကေတုမတီ တောင်ငူမြို့ကို တည်ထောင်ခဲ့ပါသည်။
တောင်ငူကြီးမြို့ဟောင်း ၊ စည်းခုံကြီးစေတီတော် နှင့် မြတ်နိန္ဒစေတီတော်
တောင်ငူကြီးမြို့ဟောင်းသည် နှစ်ပေါင်း ၂၀၆ နှစ်၊ အင်း၀ လက်အောက်ခံ မင်းဆက်ပေါင်း ၂၈ ဆက် စိုးစံခဲ့သော မြို့တော်ဖြစ်ပါသည်။ တောင်ငူမြို့၏ အနောက်ဘက် ၉ မိုင်ခန့်အကွာ ခပေါင်းချောင်း မြောက်ဘက် တွင် တောင်ငူကြီးမြို့ဟောင်းနေရာကို တွေ့ရှိနိုင်ပါသည်။ မြို့ဟောင်းရှိ ဦးရီးတော် မင်းစည်သူ နန်းစိုက်ခဲ့သော နန်းတော်နေရာတွင် မင်းကြီးညို၏ ကောင်းမှု စေတီတော်ဖြစ်သော စည်းခုံကြီးဘုရား (See Kon Gyi Pagoda) ကိုလည်းကောင်း၊ ၁၉ ဆက်မြောက် စောလူးသင်္ခယာမင်း၏ မြတ်နိန္ဒစေတီတော် များအား ဖူးမျှော်နိုင်ပါသည်။
[FinalTilesGallery id='7']
ကေတုမတီ(တောင်ငူ) မြို့တော်
မင်းကြီးညိုသည် ကေတုမတီမြို့တော်အား အရှေ့အနောက် တာ ၇ဝဝ (၉၂၅၆ ပေ) တောင်မြောက် တာ ၅ဝဝ(၇ဝ၂ဝ ပေ) ဖြင့် မြို့ တစ်မျက်နှာလျှင် ၁၂ တောင်(၁၈ ပေ) အကျယ်ရှိသော တံခါးပေါက်ငါးပေါက် စုစုပေါင်း တံခါး ပေါက် ၂ဝ ထားရှိပြီး တည်ဆောက်ခဲ့ပါသည်။ မြို့ရိုး ၂ ထပ်၊ ရေကျုံး၊ နွံကျုံးတစ်ထပ်စီ ကာရံထားပြီး သမိုင်းဝင် တိုက်ပွဲကြီးများဆင်နွဲခဲ့သော မြို့တော်ဖြစ်ပါသည်။ တောင်ငူ၏ ထင်ရှားသော တိုက်ပွဲတစ်ပွဲမှာ ယိုးဒယားဘုရင် ဗြာနာရာဇ် နှင့် တောင်ငူရွှေနန်းတည်မင်း မင်းရဲသီဟသူ တို့၏တိုက်ပွဲဖြစ်သည်။ ကေတုမတီ တောင်ငူ မြို့ရိုးနှင့် ကျုံးကို ယနေ့တိုင်မြင်တွေ့နိုင်ပါသည်။
[FinalTilesGallery id='8']
ဗြနရာဇ် နှင့် တောင်ငူယိုးဒယားပေါက်
ဘုရင့်နောင် ယိုးဒယားတစ်နိုင်ငံလုံးကို အောင်မြင်ပြီးနောက် ဘုရင့်နောင်၏သစ္စာခံ ပိဿလောက်စောဘွားအား နန်းတင်ပေးခဲ့ပြီး ၎င်း၏သား ဗြနရာဇ် အား ဟံသာဝတီမင်းနေပြည်တော်သို့ ခေါ်ဆောင်ကာ မိမိသွေးသားရင်းချာကဲ့သို့ မြှောက်စားခဲ့သည်။ ထို့ကြောင် ဗြနရာဇ် (ယိုးဒယားအခေါ် ဖရာနရေစွမ့်) သည် မြန်မာစစ်နည်းဗျူဟာများနှင့် မြန်မာဘုရင်များအကြောင်းကို သိရှိသူဖြစ်ပါသည်။ ဗြနရာဇ်သည် ယိုးဒယားဘုရင်ဖြစ်ပြီးနောက် ဟံသာဝတီကို မင်းရဲသီဟသူ သိမ်းပိုက်ထားချိန် သက္ကရာဇ် ၉၆၂ ခုနှစ် (ခရစ်နှစ် ၁၆၀၀) တွင် ဟံသာဝတီသို့ချီတက်တိုက်ခိုက်ခဲ့ပါသည်။ မင်းရဲသီဟသူလည်း ဗြနရာဇ်၏ တိုက်ခိုက်မှုကို ခုခံရန် တောင်ငူသို့ဆုတ်၍ မြို့ပြ၊ ကျုံးများကို ပြင်ဆင်ခဲ့ပြီး စားနပ်ရိက္ခာ များကို မြို့တွင်းသို့ ထည့်သွင်းစုဆောင်းခဲ့သည်။ဗြနရာဇ်ဆက်လက်ချီတက်လာပြီး၊ ကျွဲမကူးချောင်း(ဖြူးမြို့) အနီးတွင် တပ်ချ၍ တောင်ငူကို ဝန်းရံသည်။
အရှေ့ဘက်ကျုံးရေကို မြောင်းတူးကာ ပေါင်းလောင်းမြစ်ထဲသို့စီးဆင်းစေသည်။ ထိုအပေါက်သည် ရန်ကုန်-မန္တလေး လမ်းဟောင်း အုတ်ကျွတ်တန်းရပ်ကွက်၊ တောင်ငူမြို့တွင် တည်ရှိပြီး ယခုအချိန်ထိ ယိုးဒယားပေါက်ဟုပင်ခေါ်ဆိုလျှက်ရှိပါသည်။ ထိုနေရာတွင် သမိုင်းဝင်ယိုးဒယားပေါက် ဟု ဆိုင်းဘုတ်ငယ် တစ်ခုစိုက်ထူထားပါသည်။ မင်းကြီးညို သည် တောင်ငူမြို့အား ရေကျုံးတစ်ထပ်၊ ရွံ့ကျုံးတစ်ထပ် တည်ဆောက်ထားသဖြင့် ရေကျုံးအားဖောက်ထုတ်နိုင်သော်လည်း ရွံ့ကျုံးအားခက်ခဲစွာကူးဖြတ်ရပါသည်။ ထို့ပြင် ကျုံးအတွင်းမိကျောင်းများ မွေးမြူထားသဖြင့် ဗြနရာဇ်၏တပ်များကို များစွာအခက်အခဲဖြစ်စေပါသည်။ တောင်ငူဘုရင် မင်းရဲသီဟသူ နှင့် သားတော် နတ်သျှင်နောင် တို့ကလည်း ရွပ်ရွပ်ချွံချွံ ခုခံခဲ့သည်။ ထို့ပြင် ယိုးဒယားတပ်များ၏ ရိက္ခာထောက်တပ်များအား ပဲခူးမှနေ၍ရခိုင်တပ်များက ကြားဖြတ်တိုက်ခိုက်ကြသဖြင့် ၂ လခန့်အကြာတွင်ယိုးဒယားတပ်များပြန်လည်ဆုတ်ခွာသွားခဲ့ပါသည်။
[FinalTilesGallery id='9']
ဒုတိယမြန်မာနိုင်ငံတော်တောင်ငူခေတ်၏နေဝင်ချိန်
မင်းကြီးညို၊ တပင်ရွှေထီး နှင့် ဘုရင့်နောင်တို့ တည်ထောင်ခဲ့သော ဒုတိယမြန်မာနိုင်ငံတော်သည် ဘုရင့်နောင် နတ်ရွာစံပြီးနောက် သားတော် နန္ဒဘုရင်လက်ထက်တွင် အချိန်တိုဖြင့် ပြိုကွဲပျက်စီးခဲ့ရပါသည်။ နန္ဒဘုရင်၏ အမျှော်အမြင်နည်းမှု နှင့် အရည်အချင်းညံ့ဖျင်းမှုကြောင့်ဟု လွယ်လွယ်မသုံးသပ်ချင်ပါ။ ထိုမင်းသည်လည်း အင်းဝဘုရင် သတိုးမင်းစော၏ ဆင်စီးချင်းထိုးရန် စိမ်ခေါ်မှုကိုလက်ခံကာ စီးချင်းထိုးခဲ့သဖြင့် ထိုက်သင့်သော အရည်အချင်းရှိမည်ဟုယုံကြည်မိပါသည်။ သတိုးမင်းစောသည် ဘုရင့်နောင်မင်းကြီး၏ အငယ်ဆုံး ညီတော်ဖြစ်ပြီး ကေတုမတီထီးနန်း၏ လက်ရုံးဆန့်တန်းသော တိုက်ပွဲများစွာတွင် ပါဝင်လက်စွမ်းပြနိုင်ခဲ့သဖြင့် ဟံသာဝတီထီးနန်းကိုရရှိသည့်အခါ အင်းဝဘုရင်အဖြစ်ခန့်အပ်ခြင်းခံခဲ့ရသူဖြစ်ပါသည်။ ဘုရင့်နောင်လက်ထက်တွင် လက်အောက်ခံ တိုင်းပြည်များ၏ဘုရင်ခံများကို ညီတော်၊ သားတော် များကို ခန့်အပ်ခဲ့ပြီး ထိုသူများသည် ဘုရင့်နောင်အပေါ်တွင်သာ သစ္စာခံခဲ့ကြသော်လည်းဘုရင့်နောင်အားဆက်ခံ သည့် သားတော်နန္ဒဘုရင် နှင့် ဟံသာဝတီမင်းနေပြည်တော်အပေါ်တွင် ဆက်လက် သစ္စာ မခံခဲ့ခြင်းကြောင့်ဟုပင် သုံးသပ်ချင်ပါသည်။ ဟံသာဝတီမင်းနေပြည်တော်အားပထမဆုံးပုန်ကန်သူမှာ အင်းဝဘုရင်သတိုးမင်းစောဖြစ်ပါသည်။ သတိုးမင်းစောသည် ဘုရင့်နောင်၏ ညီတော်ဖြစ်သဖြင့် နန္ဒဘုရင်၏ ဦးရီးတော်၊ သတိုးမင်းစော၏ မိဖုရားသည် နန္ဒဘုရင်၏ နှမတော်ဖြစ်သဖြင့် ယောက်ဖတော် တော်စပ်သည့်ပြင် နန္ဒဘုရင်နန်းတက်သောအခါ သားတော် အိမ်ရှေ့စံမင်းကြီးစွာ ကို သတိုးမင်းစော၏ သမီးတော်နှင့် လက်ထပ်ပေးခဲ့သဖြင့် ခမီးခမက်လည်းတော်နေပြန်ပါသည်။ ပုန်ကန်ရသည့်အကြောင်းမှာလည်း ထိုသမီးတော်ကြောင့်ပင်ဖြစ်ပါသည်။ အိမ်ရှေ့စံ သည် ဘုရင့်နောင်၏သမီးတော် ဓါတုကလျာ ကိုသာ စွဲလမ်းနေသဖြင့် သတိုးမင်းစော၏သမီးတော် နှင့် စကားများရာမှ တွန်းလိုက်ရာ သလွန်စောင်းနှင့်ထိပြီး မိဖုရား၏ဦးခေါင်းတွင် သွေးထွက်သွားခဲ့ပါသည်။ အိမ်ရှေ့စံ၏ မိဖုရားသည် ထိုသွေးအား ပဝါဖြင့် သုတ်၍ ဖခင်သတိုးမင်းစော ထံပေးပို့ခဲ့ပါသည်။ သတိုးမင်းစောသည် ဟံသာဝတီ၏ အင်အားကို မယှဉ်နိုင်သဖြင့် မတိုက်ခိုက်လိုသော်လည်း ``အဖကောင်းသမီး၊ မောင်ကောင်းနှမ ဖြစ်ပေမယ့် လင်ကောင်းမယားတော့ မဖြစ်ရရှာပါလား`` ဟူသော ၎င်း၏ မိဖုရား ပြောသော စကားကိုမခံချင်၍ ဟံသာဝတီကို စစ်ကြေညာလေသည်။ ထိုစစ်ပွဲတွင် ဟံသာဝတီပြည့်ရှင် နန္ဒဘုရင် အနိုင်ရသော်လည်း တောင်ငူခေတ်ပြိုကွဲရခြင်း၏ အစဖြစ်ခဲ့လေသည်။ အဘယ်ကြောင့်ဆိုသော် ထိုစစ်ပွဲသို့ စစ်ကူလာသော ယိုးဒယားဘုရင် ဗြနရာဇ် သည် ဟံသာဝတီ နှင့် လက်အောက်ခံ ဘုရင်ခံများ စည်းလုံးညီညွတ်မှုမရှိသည်ကို သိရှိသွားပြီး အပြန်တွင် ဟံသာဝတီလက်အောက်မှ လွတ်မြောက်ကြောင်း ကြေညာခဲ့ပါသည်။ ထို့နောက်တွင် ယိုးဒယား သို့ မအောင်မြင်သော စစ်ပွဲ ၅ ကြိမ် ဆင်နွှဲခြင်း၊ စစ်ပမ်းနေချိန်တွင် တောင်ငူ နှင့်ရခိုင် ပြည်တို့မှ ပူးပေါင်းတိုက်ခိုက်ခြင်း၊ ပြည်ဘုရင် နှင့် အခြားလက်အောက်ခံ ဘုရင်များမှ စစ်ကူမလွှတ်ပဲအာခံခြင်းများကြောင့် နောက်ဆုံးတွင် တောင်ငူဘုရင် သီဟသူ အား အညံ့ခံခဲ့ရပါသည်။ ထို့ကြောင့် ဘုရင့်နောင် တည်ထောင်ခဲ့သော အရှေ့တောင်အာရှ ထီးဆောင်မင်းများ ခစားခဲ့ရသည့် ဟံသာဝတီမင်းနေပြည်တော်သည် သားတော် နန္ဒဘုရင်လက်ထက်မှာပင် အချိန်တိုအတွင်း နိဂုံးချုပ်ခဲ့ရပါသည်။
ကန်တော်ကြီး
တောင်ငူမြို့ စတည်စဉ်ကပင် ကန်တော်ကြီးအား မြို့ရိုးနှင့်ကျုံးအတွင်း ထည့်သွင်း၍ တည်ဆောက်ခဲ့သဖြင့် ယခုတိုင် မြို့ဂုဏ်ဆောင် ကန်တော်ကြီးအဖြစ်တည်ရှိနေပါသည်။ ယခုအခါ ကန်တော်ကြီး အား အပန်းဖြေဥယျာဉ်အဖြစ်ပြုလုပ်ထားသဖြင့် သွားရောက်လည်ပတ်သင့်သော နေရာ တစ်ခုဖြစ်ပါသည်။
Mingalar Lake (မင်္ဂလာ ကန်တော်ကြီး)
တောင်ငူမြို့ရောက်လျှင်သွားရောက်ဖူးမျှော်သင့်သော ရှေးဟောင်းဘုရားများ
[FinalTilesGallery id='10'](၁) စည်းခုံကြီးစေတီတော်
တောင်ငူမြို့ဟောင်းတွင်တည်ရှိပြီး ရန်ကုန်-မန္တလေး အမြန်လမ်း ခုံးတံတားအောက်မှ လမ်းအတိုင်း ၂ မိုင်ခန့်သွားရသော နေရာတွင်တည်ရှိပါသည်။ ခရစ်နှစ် ၁၄၈၅ ခုနှစ်တွင် မင်းကြီးညိုသည် ယောက္ခမတော် မင်းစည်သူ၏ နန်းတော်နေရာတွင် တည်ထားကိုးကွယ်ခဲ့ခြင်းဖြစ်ပါသည်။
(၂) မြတ်နိန္ဒစေတီတော်
တောင်ငူမြို့ဟောင်း စည်းခုံကြီးစေတီတော်၏ မြောက်ဘက်တွင်တည်ရှိပြီး တောင်ငူခေတ်ဟောင်း လက်ရာ တစ်ဆူဖြစ်ပါသည်။
(၃) သမိုင်းဝင်ရွှေဆံတော်ဘုရား
တောင်ငူမြို့လည်ခေါင်တွင်တည်ရှိပြီး ဘုရင့်နောင်၏ ညီတော် သီဟသူရ (ခေါ်) မဟာမင်းခေါင်သည် ခရစ်နှစ် ၁၅၇၀ ခုနှစ်တွင် စတင်တည်ဆောက်ခဲ့ပါသည်။ ဘုရင့်နောင်အား သီဟိုဋ္ဌ်မင်းဆက်သသော ဆံတော် ၈ ဆူ အနက် တစ်ဆူအား ဌာပနာ ခဲ့ပါသည်။
(၄) မြစည်းခုံဘုရား
ရွှေဆံတော် ဘုရားအနီး တောင်ဘက် တွင် တည်ရှိပြီး တောင်ငူခေတ် ကြေးသွန်းမဟာမုနိ ရုပ်ပွားတော်၊ ဘုရင့်နောင်မင်း ယိုးဒယားကို စစ်နိုင်ပြီး ယူဆောင်လာသော မတ်တပ်ရပ် ဗုဒ္ဓရုပ်ပွားတော် နှင့် ၁၉ ရာစုနှစ် ဗြိတိလျှ အမြောက်များရှိပါသည်။ ၁၉၀၁ ခုနှစ်တွင် ဗုဒ္ဓဘာသာဝင် ဂျာမာန်လူမျိုး နှင့် ဇနီးတို့ဆောက်လုပ်လှူဒါန်းထားသော ရွှေကျောင်း အားသွားရောက်ဖူးမျှော်သင့်ပါသည်။ ထို့ပြင် အလှူရှင် လှူဒါန်းထားသော ဂျာမဏီပြည်မှ ကြေးရုပ်နှစ်ရုပ်လည်းပြသထားပါသည်။
(၅) မဟာမုနိကေလဇာတီဘုရားကြီး
မြစည်းခုံဘုရား ၏ အနောက်ဘက် လမ်းအတိုင်းမြောက်ဘက်တည့်တည့် သို့ ၅ မိနစ်ခန့်မောင်းလိုက်ပါက ရောက်ရှိနိုင်ပါသည်။ ဘုရင့်နောင် နှင့် မင်းကြီးညို၏သမီး ၊ တပင်ရွှေထီး၏ အမ သခင်ကြီး နှင့် လက်ထပ်မင်္ဂလာ ဆင်နွဲှရာနေရာဖြစ်သဖြင့် ခရစ်နှစ် ၁၅၅၂ ခုနှစ်တွင် သီရိလင်္ကာမှ ဆက်သသော ဓါတ်တော်၊မွေတော်၊ ကျောက်သံပတ္တမြားများအား ဌာပနာ၍ မင်္ဂလာအထိမ်းအမှတ်စေတီတော်အဖြစ် ဘုရင့်နောင်မှ တည်ထားကိုးကွယ်ခဲ့ပါသည်။ လူသိနည်းသော်လည်း သမိုင်းဝင်ဘုရားဖြစ်သဖြင့် သွားရောက်လေ့လာသင့်ပါသည်။
(၆) ကောင်းမှုတော်စေတီ
ကောင်းမှုတော်စေတီသည် ကေတုမတီ နန်းတော် အပြင်၊ အနောက်ဘက် ကောင်းမှုတော်ရွာ အတွင်းတည်ရှိပါသည်။ အမြန်လမ်းမှ တောင်ငူသို့အသွား ညာဘက်တွင် ကောင်းမှုတော်သို့ ဆိုင်းဘုတ်ကို စိုက်ထူထားပါသည်။ ကေတုမတီ အနောက်ဘက် မြို့တံခါးမှလည်း သွားရောက်နိုင်ပါသည်။ တပင်ရွှေထီးကွယ်လွန်ပြီး ဘုရင့်နောင် တောင်ငူကိုသိမ်းယူပြီးနောက် ပြည်မြို့ကို တိုက်ခိုက်ရာ ပထမအကြိမ်တွင် မအောင်မြင်ပဲ တောင်ငူသို့ပြန်လည်ဆုတ်ခွာလာခဲ့ပါသည်။ ဒုတိယအကြိမ်မတိုက်မီ ကောင်းမှုတော်စေတီအားတည်ရန်စီမံ၍ အောင်မြေနင်းခဲ့သော နေရာဖြစ်ပါသည်။ အေဒီ ၁၅၅၁ ခုနှစ် တွင်တည်ခဲ့သော တောင်ငူခေတ်လက်ရာ စေတီတစ်ဆူဖြစ်ပါသည်။
(၇) ရွှေဂူကြီးစေတီ
ရွှေဂူကြီးစေတီတော်မှာ တောင်ငူမြို့ ၊ ပန်းလှိုင်ရပ်တွင်တည်ရှိပြီး တောင်ငူမြို့မတည်မီကပင် ရှိခဲ့သဖြင့် သီရိဓမ္မာ အာသောက မင်းကြီးလက်ထက်တွင် စေတီပေါင်း ၈၄၀၀၀ တည်ထားခဲ့စဉ်က ဓါတ်တော်၊မွေတော်များကို ဌာပနာ၍ တည်ခဲ့သောစေတီဖြစ်သည်ဟု မှတ်ယူကြလေသည်။ နှစ်ကာလကြာရှည်သဖြင့် ပြိုပျက်ခဲ့ရာ ၁၉၅၂ ခုနှစ်တွင် ဝန်ကြီးချုပ်ဟောင်းဦးနုမှ သီဟိုဋ္ဌ်ကျွန်းမှ ဓါတ်တော်မွေတော်များကို ဌာပနာ၍ ထီးတော်အသစ် တင်လှူခဲ့ပါသည်။
(၈) မြတ်စောညီနောင်
တောင်ငူရောက်လျှင်မသွားမဖြစ်သွားကြသော နေရာတွင် မြတ်စောညီနောင်ဘုရားပါဝင်ပါသည်။ နောင်တော် မြတ်လှ နှင့် ညီတော် စောလှ တို့၏အမည်များကို ပေါင်း၍ မြတ်စောညီနောင်ဟုခေါ်ဆိုခြင်းဖြစ်ပါသည်။ မြတ်စောညီနောင်ဘုရားသာသနာ့နယ်မြေတွင် နောင်တော်ကြီးစေတီ၊ ညီတော်စေတီ နှင့် မယ်တော်စေတီများ ပါဝင်ပြီး ပေါင်းလောင်းမြစ်အရှေ့ဘက်တွင်တည်ရှိပါသည်။ မြတ်စွာဘုရား၏ ဓါတ်တော်၊မွေတော်များကို ဌာပနာ၍ တည်ခဲ့သောစေတီဖြစ်ပြီး ပုဂံခေတ် နရပတိစည်သူမင်းလက်ထက် တိုင်းခန်းလှည့်လည်စဉ် မြတ်စောညီနောင်စေတီကို ပြုပြင်ခဲ့သည်ဟုဆိုပါသည်။
တောင်ငူအနီး သွားရောက်လည်ပတ်သင့်သောနေရာများ
တောင်ငူအရှေ့ဘက် ၁၃ မိုင်ရှိ ပသိဆည်တမံ နှင့် ပသိချောင်းအပန်းဖြေစခန်း၊ သံတောင်ကြီးမြို့ နော်ဘူဘောဆုတောင်းတောင် သို့လည်းတစ်နှစ်ထက်တစ်နှစ် လည်ပတ်သူ များပြားလျှက်ရှိပါသည်။ ထို့ပြင် အုတ်တွင်း-ပေါက်ခေါင်း ရိုးမဖြတ်လည်းရှိ ခပေါင်းဆည်တမံသည်လည်းကောင်း၊ မိုင် ၂၀ ဆင်စခန်းသည်လည်းကောင်း၊ ရေတာရှည်မြို့နယ်၊ နန်ချွန်ကျေးရွာရှိ ဂျပန်စစ်စခန်းဟောင်းနှင့် လေယာဉ်ကွင်းသည်လည်းကောင်း၊ ကျွဲရိုင်းပြင်ကျေးရွာအုပ်စုရှိ ပျူမြို့ဟောင်း နှင့် ရေလွှဲရေတံခွန်သည်လည်းကောင်း ခရီးသွားနေရာသစ်များဖြစ်လာနိုင်ပြီး အချိန်ရရှိပါက သွားရောက် လည်ပတ်သင့်သော နေရာများဖြစ်ပါသည်။
သဘာဝတောတောင်များ နှင့် ရှေးဟောင်းယဉ်ကျေးမှုများ ကို ဖော်ထုတ်ထိန်းသိမ်း
မြန်မာနိုင်ငံသည် သာယာလှပသော သဘာဝတောတောင်ရေမြေများ ပေါများပြီး ရှည်လျားသော သမိုင်းကြောင်းရှိနေခြင်းကြောင့် နေရာတိုင်း၊ ဒေသတိုင်းတွင် အပန်းဖြေလည်ပတ်စရာ၊ လေ့လာစရာ၊စိတ်ဝင်စားစရာ နေရာများ ရှိနေပါသည်။ သက်ဆိုင်ရာတာဝန်ရှိသူများ၊ ခရီးသွားလုပ်ငန်းရှင်များ နှင့် ပြည်သူတစ်ရပ်လုံးမှ ကြွင်းကျန်ရစ်သော ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်များ နှင့် သဘာဝတောတောင်များအား စနစ်တကျ ဖော်ထုတ်ထိန်းသိမ်း သွားပါက ခရီးသွားလုပ်ငန်းအတွက် များစွာ အကျိုးရှိမည်ဖြစ်ကြောင်းတင်ပြလိုက်ရပါသည်။
ဆက်လက်ဖော်ပြပါမည်။
AT(New Autumn Travels & Tours)
မှီငြမ်းကိုးကား-
၁။ မြန်မာရာဇဝင်အကျဉ်း- လှသမိန်
၂။ မြန်မာရာဇဝင်မှတ်စုပေါင်းချုပ် - လှသမိန်
၄။ တောင်ငူသမိုင်း - မောင်ဘွား
၅။ ၂.၁.၁၇ ခုနှစ်ထုတ် မြန်မာ့အလင်းသတင်းစာပါ ဒုတိယမြန်မာနိုင်ငံစတင်ရာတောင်ငူမြို့ဆောင်းပါး
၆။ ၂၉.၁.၁၈ ခုနှစ် ထုတ် မြန်မာ့အလင်းသတင်းစာပါ ဗြနရာဇ်နှင့် တောင်ငူယိုးဒယားပေါက်ဆောင်းပါး
၇။ ၇.၁၂.၁၈ ထုတ် မြန်မာ့အလင်းသတင်းစာပါ မြို့တည်နန်းတည် (၅၀၈) နှစ် ဆောင်းပါး
Comments
Post a Comment