စူးစမ်းလေ့လာ သွားချင်စရာ (၁၀) ပုသိမ် - မော်တင်စွန်းလမ်း review
စူးစမ်းလေ့လာ သွားချင်စရာ (၁၀)
ပုသိမ် - မော်တင်စွန်း လမ်း review
ဆံတော်ရှင် မြတ်မော်တင်စွန်းစေတီတော်
ပုသိမ်ကနေ မော်တင်စွန်းကို ဘယ်နှစ်နာရီလောက် ကားမောင်းရလဲ၊ လမ်းကောင်းရဲ့လား စသဖြင့် မေးနေကြသော ပပ၀တီ ဧည့်ရိပ်မွန်၏ ဧည့်သည်များအတွက် ပုသိမ် - မော်တင်စွန်း လမ်းအကြောင်းကို review ရေးပြီး ဖြေကြားလိုက်ရပါသည်။ မော်တင်စွန်းဆိုတာကတော့ မြန်မာနိုင်ငံ အနောက်တောင်ဘက်အစွန်း မော်တင်အငူ(Cape Nagris) ကို ခေါ်ဆိုခြင်းဖြစ်ပြီး ဗုဒ္ဓဘာသာဝင်တို့၏ ရှေးဟောင်းသမိုင်းဝင် ဆံတော်ရှင် မြတ်မော်တင်စွန်းတည်ရှိနေသော နေရာလည်း ဖြစ်ပါသည်။ပုသိမ် မှ မြတ်မော်တင်စွန်းအထိ ၉၅ မိုင် ရှိပြီး ပုသိမ် ကြိုးတံတား မှ စတင်ရေတွက်ခြင်း ဖြစ်ပါသည်။
ဆံတော်ရှင်မြတ်မော်တင်စွန်းစေတီ၊ ရေလယ်စေတီ နှင့် ကပ္ပလီ ပင်လယ် ကမ်းခြေ
ငွေဆောင် - မော်တင် လမ်းခွဲ ( ၁၁ မိုင် - မောင်းချိန် ၃၀ မိနစ်)
ပုသိမ် - ငွေဆောင်လမ်းအတိုင်း စတင်မောင်းနှင်ရမှာဖြစ်ပြီး လမ်းကောင်းပြီး အကွေ့အကောက်မရှိသဖြင့် အမြန်နှုန်းအသင့်တင့်ဖြင့် မောင်းနိုင်ပါသည်။ တွန်ပလွန်တံတား၊ သလပ်ခွာရွာနှင့် တံတား ကျော်ပြီးပါက စိန်တောင် တိုးဂိတ် ကိုရောက်ပါသည်။ တိုးဂိတ်ဖြတ်ပြီးသည်နှင့် ငွေဆောင် - မော်တင် လမ်းခွဲ မိုင်တိုင် ၁၁ ကိုရောက်ပါပြီခင်ဗျာ။ လမ်းခွဲဆိုင်းဘုတ်က သေးပြီးနိမ့်လို့ ငွေဆောင်ဘက်ကို မှားပြီးသွားတတ်ပါသည်။ စာရေးသူ ကိုယ်တိုင် ပထမဆုံးတစ်ခေါက် မှားဖူးပါသည်။ လမ်းခွဲရောက်ရင် ဘယ်ဘက် မော်တင်လမ်းခွဲအတိုင်း ၈၄ မိုင် ထပ်မံမောင်းရမှာဖြစ်ပါသည်။
ငွေဆောင် မော်တင်လမ်းခွဲ
သလပ်ခွာရွာ - မဏ္ဍပ်ရွာ ( ၁၇ မိုင် - မောင်းချိန် ၁ နာရီခန့်)
ငွေဆောင်လမ်းခွဲကျော်သည်နှင့် တောင်တက် တောင်ဆင်း အကွေ့အကောက် များစတင် တွေ့ရှိရမှာ ဖြစ်ပါသည်။ မိုင်တိုင် ၂၁ မိုင် ၃ ဖာလုံ၊ လမ်း၏ ဘယ်ဘက်တွင် အတွင်းဒီပါလေးဆူတွင် တစ်ခုဖြစ်သည့် အလုံမြတ်ဒီပါရုံ အဝင်မုခ်ဦး ရှိပါသည်။ အလုံမြတ်ဒီပါရုံကို ဖူးမျော်ချင်တယ်ဆိုရင် ပုသိမ် - မော်တင်စွန်းလမ်းမှ မြင်းကကွင်းရွာဘက် ၁ မိုင်ခန့် ကွန်ကရစ်လမ်းအတိုင်းမောင်းသွားရမှာဖြစ်ပါသည်။
အလုံရွှေပြည်ဝင် မြတ်ဒီပါရုံ စေတီ မုခ်ဦး
၅ မိနစ်ခန့်ဆက်မောင်းသွားပါက Myanmar Agri-Tech Limited ၏ ကော်ဖီစိုက် စီမံကိန်း ကိုတွေ့ရမှာဖြစ်ပါသည်။ MAGT ကျော်တာနှင့် ဓါတ်ပုံရိုက်ကောင်းမွန်သော ရှုခင်းကို တွေ့ရမှာဖြစ်ပါသည်။ မန်ဂျန်ရှားစိုက်ခင်းတွေက တစ်မျှော်တစ်ခေါ် ပါပဲ။ အကွေ့အကောက် တောင်တက် တောင်ဆင်းများ အတိုင်း ရှုခင်းကြည့်ရင်းမောင်းသွားပါက မိုင်တိုင် ၂၈ မိုင် ၅ ဖာလုံတွင် မဏ္ဍပ်ရွာကို ရောက်မှာဖြစ်ပါသည်။ ပုသိမ်မြို့နယ်အဆုံးရွာလေးဖြစ်ပြီး ငပုတောမြို့နယ်အစပါ။ ရိုးမ အစပ်ကရွာလေးဖြစ်ပြီး မဏ္ဍပ်ရွာကို ကျော်သည်နှင့် တောင် အတက်အဆင်း မတ်စောက်များပြားသဖြင့် လူ နှင့် ကား တစ်ထောက်နားသင့်ပါသည်။ ထမင်းဆိုင်များလည်းရှိပြီး တောကောင်သားများလည်းရနိုင်ပါသည်။
မန်ဂျန်ရှားစိုက်ခင်း
MAGT အဆောက်အဦ နှင့် ရှုခင်း
ပုသိမ် မော်တင်စွန်း လမ်းရှုခင်း
မဏ္ဍပ်ရွာ
မဏ္ဍပ်ရွာ ပန်းဟေဝန် ထမင်းဆိုင်
မဏ္ဍပ်ရွာ - ငရုတ်ကောင်းတောင်ရွာ ( ၂၆ မိုင် - မောင်းချိန် ၁ နာရီ ၃၀ မိနစ် )
မဏ္ဍပ် - ငရုတ်ကောင်းတောင် လမ်းက ရိုးမအတိုင်း မြောက်မှ တောင်သို့ ဖောက်ထားသောလမ်းဖြစ်ပါသည်။ အတက် အဆင်း မတ်စောက်ပြီး လမ်းကျဉ်းသော်လည်း ကတ္တရာလမ်းမှာ ကောင်းမွန်ပါသည်။ တစ်ရွာနှင့် တစ်ရွာ အနည်းငယ် ကွာဝေးသော်လည်း လမ်းဘေး အိမ်ခြေများ တွေ့ရမှာဖြစ်ပြီး အသွားအလာ အရင်ကလောက် မပြတ်တော့ပါ။ ၂၆ မိုင်ခရီးကို ဖြည်းဖြည်းမှန်မှန် (Safe Speed ) ဖြင့်မောင်းပါက ၁ နာရီ ၃၀ မိနစ်လောက်မောင်းရပါသည်။ ငရုတ်ကောင်းတောင်ရွာသည် မိုင်တိုင် ၅၄ ခန့်တွင်ရှိပြီး ခရီးသွားကားများ တစ်ထောက်နားရာဖြစ်သည့်ပြင် ငရုတ်ကောင်း - မော်တင်လမ်းခွဲဖြစ်ခြင်းကြောင့် စားသောက်ဆိုင်များ ပေါများပြီး စျေးလည်းချိုသာပါသည်။ လမ်းခွဲတွင် ဓါတ်ဆီဆိုင် ရှိပါသည်။ငရုတ်ကောင်းတောင်ရွာ - မော်တင်စွန်း ( ၄၀ မိုင် - မောင်းချိန် ၁ နာရီ ၃၀ မိနစ် )
ငရုတ်ကောင်းတောင်ရွာကျော်ပြီး ဆက်မောင်းပါက ငရုတ်ကောင်းတောင်၊ ငပြေမ တောင်များကို ထပ်မံ ကျော်ရမှာဖြစ်ပါသည်။ တောင်တက် တောင်ဆင်း ရှည်ပြီး ပိုလည်း မတ်စောက်ပါသည်။ တောင်ထိပ်ကို ရောက်ပါက တစ်ချို့နေရများတွင် ငဝန်မြစ် ခေါ် ပုသိမ်မြစ် ကို လှမ်းမြင်နိုင်ပါသည်။ ပိုးလောင်းလမ်းခွဲ၊ ကျုံကူးလမ်းခွဲ များကိုဖြတ်ပြီး မိုင်တိုင် ၈၂ လောက်မှာ ငပြေမ စံကျောင်းကို လက်ဝဲဘက်တွင် တွေ့ရမှာဖြစ်ပါသည်။ ခေတ္တ အနားယူရင်း ရဟန္တာစံကျောင်းကိုလည်း ဝင်ရောက်ဖူးမျော်နိုင်ပါသည်။
ပုသိမ် မော်တင်စွန်း လမ်းရှုခင်းနှင့် ငဝန်မြစ်
ပုသိမ် မော်တင်စွန်း လမ်းရှုခင်း
ပုသိမ် မော်တင်စွန်း လမ်းရှုခင်း
ရေလယ်စေတီ နှင့် ကပ္ပလီပင်လယ် ကမ်းခြေ
ပပဝတီဧည့်ရိပ်မွန်၏ ပင်တိုင် Model များ နှင့် ပုသိမ် မော်တင်စွန်းလမ်း အမှတ်တရ
အခန်းပုံများနှင့် စျေးနှုန်းများကို ကြည့်ရှုလိုပါက အောက်ပါ Link တွင်ကြည့်ရှုနိုင်ပါသည်။ https://www.facebook.com/papawadyresortmawtinsoon/posts/461939955315035မော်တင်စွန်းဆောင်းပါးကို ဖတ်ရှုလိုပါက အောက်ပါ Link တွင်ကြည့်ရှုနိုင်ပါသည်။ https://www.facebook.com/papawadyresortmawtinsoon/posts/135069704668730?__tn__=K-R
ဖတ်ရှုအားပေးမှုကို ကျေးဇူးအထူးတင်ရှိပါသည်။
အောင်သူ(စူးစမ်းလေ့လာ သွားချင်စရာ) အခြားဆောင်းပါးများဖတ်ရှုလိုပါက အောက်ပါ link များတွင် ဝင်ရောက် ဖတ်ရှုနိုင်ပါသည်။ https://attractiveforexpeditionarytrips.blogspot.com/ https://www.newautumntours.com https://www.papawadyresort.com/
Comments
Post a Comment